Connect Burma ၊ အောက်တိုဘာ ၂၇
၁၀၂၇ စစ်ဆင်ရေး စပြီလို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဒီကနေ့ မနက်မှာ ပူးတွဲကြေညာလိုက်ပြီးနောက် ကိုးကန့်တပ် (MNDAA) က ချင်းရွှေဟော်မြို့ကို အရင်ဆုံးသိမ်းပိုက်လိုက်တယ်လို့ သိရှိရပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့၊ တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာတဲ့ အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ဖို့၊ Online Game (ကျဖျင်) ကုမ္ပဏီတွေနဲ့ အဆိုပါ လုပ်ငန်းများကို လုပ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲတွေကို နှိမ်နင်းနိုင်ဖို့အတွက် စစ်ဆင်ရေးကိုစတင်တာလို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ် (TNLA) နဲ့ ရက္ခိုင့် တပ်တော် (AA)တို့ ကကြေညာထားပါတယ်။
ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီးနောက် ဒီကနေ့ မနက်ပိုင်းမှာပဲ လောက်ကိုင်မြို့နယ်ထဲက ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ် (MNDAA)က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသအခြေစိုက်မီဒီယာဖြစ်တဲ့ ရွှေဖီမြေက ဖော်ပြပါတယ်။
မနက်အစောပိုင်း ဝင်တိုက်ခဲ့တာဖြစ်ပြီး တစ်မြို့လုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီလို့လည်း ၎င်းမီဒီယာက ရေးသားထားပါတယ်။
တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်(မြောက် ပိုင်း)က တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီးကို ဒီကနေ့က စလို့ အရေးပေါ်ပိတ်လိုက်ပြီလို့ ကိုးကန့်တပ် (MNDAA) က ကြေညာထားပါတယ်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ကိုးကန့်တပ်တွေက တိုက်ပွဲတွေဖော်ဆောင်လာတာကြောင့် ဒီကနေ့ (အောက်တိုဘာလ၂၇ရက်)မနက်ပိုင်းကစလို့ လားရှိုး လေယာဉ်ခရီးစဉ်တွေအားလုံး ဖျက်သိမ်းလိုက်ပြီး လားရှိုး လေဆိပ်ပါ ပိတ်ထားရတယ်လို့ သတင်းရရှိပါတယ်။