လားရှိုးမြို့ အရှေ့ဘက် စစ်ကောင်စီ တပ်စခန်းကို သိမ်းဆည်း

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ အရှေ့ဘက်ရှိ စစ်ကောင်စီ၏ တပ်စခန်းကို ယနေ့ နံနက်ပိုင်းတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း MNDAA ၏ သတင်းနှင့် ပြန်ကြားရေးဖြစ်သော The Kokang မီဒီယာက ဗီဒီယိုဖိုင်နှင့်တကွ သတင်းထုတ်ပြန်ထားသည်။

Oct 29, 2023 - 17:23
 0
လားရှိုးမြို့ အရှေ့ဘက် စစ်ကောင်စီ တပ်စခန်းကို သိမ်းဆည်း
ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၃
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ အရှေ့ဘက်ရှိ စစ်ကောင်စီ၏ တပ်စခန်းကို ယနေ့ နံနက်ပိုင်းတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း MNDAA ၏ သတင်းနှင့် ပြန်ကြားရေးဖြစ်သော The Kokang မီဒီယာက ဗီဒီယိုဖိုင်နှင့်တကွ သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲမှာ လားရှိုးမြို့ ရပ်ကွက် ၅ နှင့် ရပ်ကွက် ၉ ဘက်တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး စတင်ဖြစ်ပွားသည့် ၂၇ ရက် နံနက် ၃ နာရီကျော်ခန့်မှစတင်ကာ ယနေ့အချိန်ထိ ပစ်ခတ်သံများ ကြားနေရကြောင်း၊ ယမန်နေ့ ညပိုင်းကလည်း စစ်ကောင်စီဘက်မှ ဒုံးကျည်ဖြင့် တောက်လျှောက်ပစ်ခတ်နေကြောင်း၊ ရပ်ကွက် ၅ ကုန်းညောင်ရွာရှိ စစ်တပ် စခန်းငယ်တခုကို မဟာမိတ်အဖွဲ့များဘက်မှ သိမ်းယူလိုက်သည်မှာ မှန်ကန်ကြောင်း ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ တပ်စခန်းများကို မြောက်ပိုင်းမဟာမိတ် ဦးဆောင်သည့် တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။
လားရှိုးမြို့ ဒေသခံ တဦးက “ဒီနေ့က လပြည့်နေ့ဆိုတော့ လားရှိုးမြို့ထဲကတော့ သွားလာနေကြတာပဲ။ ဈေးထဲလည်း ဝယ်သူ ရောင်းသူရှိတယ်။ တိုက်ပွဲကတော့ ပစ်နေကြတယ်။ ညကလည်း တညလုံး ပစ်တယ်။ တာဝေးဒုံးကျည်လား၊ အဲဒါနဲ့ ပစ်ကြတယ်။ မိုးလင်း မနက် ၆ နာရီအထိပဲ”ဟု ဧရာဝတီသို့ ပြောသည်။
၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီ တပ်စခန်းများအပါအဝင် တပ်စခန်း ၃၀ ကျော်၊ သံချပ်ကာ တင့်ကား ၂ စီး၊ ချင်းရွှေဟော်မြို့တို့ကို နှစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ယနေ့ သုံးရက်မြောက်နေ့တွင်လည်း နံနက်ပိုင်းမှာပင် လာရှိုးမြို့ အရှေ့ဘက်ရှိ စစ်ကောင်စီ၏ တပ်စခန်းကို သိမ်းပိုက်ရာ၌ စစ်ကောင်စီတပ်သားအများအပြား သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူများလည်းရှိကြောင်း၊ နောင်ချို၊ မိုးကုတ်ရှိ တိုက်ပွဲများအတွင်း စစ်လက်နက် ခဲယမ်းများ သိမ်းဆည်းရမိခြင်းအပြင် သိန္နီမြို့ ထဲသို့လည်း မဟာမိတ်တပ်ဖွဲ့များ ဝင်ရောက်ထိန်းချုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက လေကြောင်းပစ်ကူအဖြစ် ယနေနံနက်ပိုင်းတွင် ဂျက်တိုက်လေယာဉ်ဖြင့် ချင်းရွှေဟော်မြို့ Ma Li Ping ကျေးရွာနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအတွင်းရှိ niupingziba ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း The Kokang မီဒီယာတွင်ဖော်ပြထားသည်။
ဓာတ်ပုံ- The Kokang

What's Your Reaction?

like

dislike

love

funny

angry

sad

wow