စစ်ဆင်ရေး ၁၀၂၇ ( သို့...) နွေဦးတော်လှန်ရေးရဲ့ အချိုးအကွေ့

ဒီကြေညာချက်နဲ့ အတူ ကိုးကန့် (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) MNDAA တပ် က စစ်ကောင်စီတပ်တွေ အခြေစိုက်ရာ ချင်းရွှေဟော်မြို့ကို ဝင်ရောက်သိမ်းပိုက်နေပါတယ်။

Oct 29, 2023 - 17:26
 0
စစ်ဆင်ရေး ၁၀၂၇ ( သို့...) နွေဦးတော်လှန်ရေးရဲ့ အချိုးအကွေ့
Connect Burma ၊ သတင်းသုံးသပ်ချက်
အောက်တိုဘာလ (၁၀လပိုင်း ) ၂၇ ရက်နေ့ ကိုအစွဲပြုပြီးအမည်ပေးထားတဲ့ စစ်ဆင်ရေး ၁၀၂၇ ကို ဒီကနေ့ စတင်ပြီဖြစ်ကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ လို့ လူသိများတဲ့ ကိုးကန့် (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) MNDAA ၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့် တပ်တော် (AA)တို့ က ကြေညာလိုက်ပါတယ်။
ဒီကြေညာချက်နဲ့ အတူ ကိုးကန့် (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) MNDAA တပ် က စစ်ကောင်စီတပ်တွေ အခြေစိုက်ရာ ချင်းရွှေဟော်မြို့ကို ဝင်ရောက်သိမ်းပိုက်နေပါတယ်။
စစ်ဆင်ရေး ၁၀၂၇ စတင်ပြီ ဖြစ်ကြောင်း ကြေညာတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ နဲ့ တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာတဲ့ အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ဖို့၊ Online Game (ကျဖျင်) ကုမ္ပဏီတွေနဲ့ အဆိုပါ လုပ်ငန်းများကို လုပ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို နှိမ်နင်းနိုင်ဖို့ အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ကြေညာထားပါတယ်။
ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီးနောက် ဒီကနေ့ မနက်ပိုင်းမှာပဲ လောက်ကိုင်မြို့နယ်ထဲက ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ် (MNDAA)က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
မနက်အစောပိုင်း ဝင်တိုက်ခဲ့တာဖြစ်ပြီး တစ်မြို့လုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီလို့ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့အပြားမှာ စစ်ဆင်ရေး အမှတ် ၁၀၂၇ ကိုစတင်နေပြီး ဒီကနေ့ မနက် ၅ နာရီ ကတည်းက တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်တယ်လို့ သိရပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုး နဲ့ လားရှိးမြို့ရှိ စစ်ရေးအဓိကကျတဲ့ နေရာတွေ သိမ်းပိုက်ချေမှုန်း နေတယ်လို့ သိရှိပြီး ဒီကနေ့ မွန်းလွဲ ပိုင်းကျော်လာတဲ့ အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲလို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်း-နမ့်ဖမ်ကာ လမ်းပိုင်း ပေါ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းနှစ်ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က ဒီကနေ့ မနက် ၁၀ နာရီ မှာပဲတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ဆိုပါတယ်။
လားရှိုးမြို့နယ် မိုင်းဂျက် ဗျူဟာကုန်း၊ လားရှိုး Asia World တိုးဂိတ်၊ ချင်းရွှေဟော်ရှိ မြို့အဝင်ဂိတ်၊ ရာဘာတော ဗျူဟာကုန်း၊ ဖောင်ဆိပ် အပါအဝင် စစ်ကောင်စီစခန်းများ ၊နမ့်ခမ်းရှိ စစ်ကောင်စီတပ်စခန်း စတဲ့နေရာတွေကို ညီနောင်မဟာမိတ်အဖွဲ့တွေ နဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေက ဝင်ရောက်တိုက် ခိုက်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်(မြောက် ပိုင်း)က တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီးကို ဒီကနေ့က စလို့ အရေးပေါ်ပိတ်လိုက်ပြီလို့ ကိုးကန့်တပ် (MNDAA) က ကြေညာထားပါတယ်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်တွေက တိုက်ပွဲတွေဖော်ဆောင်လာတာကြောင့် ဒီကနေ့ (အောက်တိုဘာလ၂၇ရက်)မနက်ပိုင်းကစလို့ လားရှိုး လေယာဉ်ခရီးစဉ်တွေအားလုံး ဖျက်သိမ်းလိုက်ပြီး လားရှိုး လေဆိပ်ပါ ပိတ်ထားရတယ်လို့ သတင်းရရှိပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ နဲ့ တော်လှန်ရေး အဖွဲ့တွေ ပူးပေါင်း ပါဝင်တဲ့ စစ်ဆင်ရေး အမှတ် ၁၀၂၇ ရဲ့ အဓိက ရည်ရွယ်ချက်ထဲမှာ “ မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာတဲ့ အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ဖို့၊ Online Game (ကျဖျင်) ကုမ္ပဏီတွေနဲ့ အဆိုပါ လုပ်ငန်းတွေ ကို လုပ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲတွေကို နှိမ်နင်းနိုင်ဖို့” ဆိုတဲ့ အချက်လည်း ပါဝင်နေပါတယ်။
မြန်မာ နိုင်ငံ အတွင်း ပိုမိုကျယ်ပြန့်လာတဲ့ အွန်လိုင်းငွေကြေး လိမ်လည်ရေး နယ်စပ်ဖြတ်ကျော် ဒုစရိုက်ဂိုဏ်းတွေ ကို အမြန်ဆုံး နှိမ်နင်းဖို့ တရုတ်အစိုးရက စစ်ကောင်စီကို နည်းအမျိုးမျိုးဖြောင်းဖျနေခဲ့တာ ၂၀၂၃ ခုနှစ် မေလ ကတည်းက ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီ ဟာ ဒီကနေ့အထိ အွန်လိုင်းငွေကြေးလိမ်လည်ရေး နယ်စပ်ဖြတ်ကျော် ဒုစရိုက်ဂိုဏ်းတွေ ကိုနှိမ်နင်းတာမျိုး လုပ်ဆောင်ခဲ့တာမျိုး မတွေ့ခဲ့ရပါဘူး။ လက်ရှိအချိန်မှာတော့ အဲ့ဒီလုပ်ငန်း တွေကို တိုက်ဖျက်ဖို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ က စတင်လိုက်ပါပြီ။
အွန်လိုင်းငွေကြေးလိမ်လည်ရေး ဒုစရိုက်ဂိုဏ်းတွေနဲ့ စစ်ကောင်စီ ရဲ့ပတ်သက်မှု
တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာနေတဲ့ အွန်လိုင်းလောင်းကစား နဲ့ ငွေကြေး လိမ်လည်ရေး နယ်စပ်ဖြတ်ကျော် ဒုစရိုက်ဂိုဏ်းတွေဟာ စစ်ကောင်စီ နဲ့ တိုက်ရိုက် သို့ မဟုတ် သွယ်ဝိုက်ပတ်သက်မှုတွေ ရှိနေတယ်လို့ တရုတ်-မြန်မာ အရေး ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
တကယ့် မြေပြင် အခြေအနေမှာလည်း စစ်ကောင်စီက တရုတ်-မြန်မာ နယ်စပ် က ကျယ်ပြန့်လာနေတဲ့ အွန်လိုင်းလောင်းကစား နဲ့ ငွေကြေး လိမ်လည်ရေး နယ်စပ်ဖြတ်ကျော် ဒုစရိုက်ဂိုဏ်း တွေကို နည်းလမ်း မျိုးစုံ နဲ့ အကာအကွယ်ပေးထားတဲ့အပြင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေ ကိုယ်တိုင်ပါဝင်နေပါတယ်။
အခုလက်ရှိ စစ်ဖြစ်ပွားနေတဲ့ ကိုးကန့် ဒေသမှာဆိုရင် စစ်ကောင်စီ လက်အောက်ခံ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ အကြီးအကဲတွေကိုယ်တိုင် အွန်လိုင်းလောင်းကစား နဲ့ ငွေကြေး လိမ်လည်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတာဖြစ်ပြီး လက်ရှိမှာ တရုတ်အစိုးရ ကိုယ်တိုင်ဖမ်းဆီး အရေးယူထားရတယ်လို့ သိရှိရပါတယ်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အာဏာပိုင်တွေ ပိုင်ဆိုင်တဲ့ အွန်လိုင်း လောင်းကစား ကုမ္ပဏီ တစ်ခု ကတော့ Fully Light ကုမ္ပဏီ ဖြစ်ပါတယ်။ Fully Light ကုမ္ပဏီ ရဲ့ CEO အပါအဝင် စစ်ကောင်စီ နဲ့ အလွမ်းသင့်တဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲ့ အကြီးတန်းခေါင်းဆောင်ဆယ်ဦး လောက်ကို တရုတ်စစ်တပ်က ဝင်ရောက်စီးနင်းဖမ်းဆီးထားပါတယ်။
အဖမ်းခံထားရတဲ့ Fully Light ကုမ္ပဏီ ရဲ့ CEO ဟာ မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ အလွန်အမင်း ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတစ်ဦးဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေ တွဲဖက်လုပ်ကိုင် နေသူတစ်ဦးဖြစ်ပါတယ်။
တရုတ်အစိုးရက ဖမ်းဆီးပြီးတဲ့နောက်မှာတော့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရှိတဲ့ အွန်လိုင်းငွေကြေး လိမ်လည်ရေး ဒုစရိုက်လုပ်ငန်း အကြီးအကျယ်လုပ်ကိုင်ရာ အဆောက်အဦး တွေထဲကနေ လူပေါင်း ၃၇၇ ဦး ကိုလွှတ်ပေးခဲ့တယ်လို့သိရပါတယ်။
အဆိုပါ ဒုစရိုက် လုပ်ငန်းတွေထဲက လွှတ်ပေးလိုက်တဲ့ လူတွေဟာ ကိုယ်လက်အင်္ဂါတွေ ကျိုးပဲ့ တဲ့ အထိ နှိပ်စက်ခံထားရပြီး တချို့ဆိုရင် ဝှီးချဲ ပေါ်မှာတင်ထားရတဲ့ အထိ အခြေအနေဆိုးရွားတာကို တွေ့ရတယ်လို့ဆိုပါတယ်။
ဒီလိုအဖြစ်အပျက်တွေ ဖြစ်ပွား အပြီးမှာတော့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲ့ အုပ်ချုပ်သူတွေ ဘက်က ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန် လာပါတော့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ကိုးကန့် ဒေသထဲမှာ အွန်လိုင်းငွေကြေး လိမ်လည်ရေး ဒုစရိုက်လုပ်ငန်း တွေ ခွင့်မပြုထားကြောင်း ၊အွန်လိုင်း ငွေလိမ်လည်ရေး ဒုစရိုက် လုပ်ငန်း တွေကို အောက်တိုဘာလ ၁၅ မှာ စတင်နှိမ်နင်း မယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမယ့် လက်တွေ့မှာ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကိုးကန့်အာဏာပိုင်တွေဘက်က စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ ကိုခေါ်ယူကာ တံမြက်စီးလှည်းခိုင်းတာမျိုးလောက်သာ လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီ နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အွန်လိုင်းလောင်းကစား လုပ်ငန်းနဲ့ ငွေကြေးလိမ်လည်ရေး လုပ်ငန်းတွေ ဟာ ဒါတင်မကသေးပါဘူး။
ကိုးကန့် နဲ့ “ဝ” ပြည်နယ်ဘက်မှာ တရုတ်အစိုးရ ကိုယ်တိုင် နှိမ်နင်းလိုက်တဲ့ အွန်လိုင်းလောင်းကစား လုပ်ငန်းနဲ့ ငွေကြေးလိမ်လည်ရေး ဒုစရိုက် ဂိုဏ်းတွေ ဟာ မြန်မာနိုင်ငံ အတွင်းပိုင်း ကို အောက်တိုဘာ လအတွင်း မှာ တစိမ့်စိမ့်ပျံ့ နှံသွားခဲ့တယ်လို့ တရုတ် - မြန်မာ အရေး စောင့်ကြည့် သူတွေက ပြောပါတယ်။
အဲ့ဒီအချိန်မှာ မြန်မာစစ်တပ် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF အခြေစိုက်ရာ ရွှေကုက္ကိုလ် မြို့သစ်မှာ အဲ့ဒီလုပ်ငန်းတွေ ရွှေ့ပြောင်းလာနိုင်ဖို့ မြေငှားရမ်းခနဲ့ အဆောက်အဦး ငှားရမ်းခတွေ ဈေး လျော့ပေးတာတွေလုပ်ဆောင်နေပါတယ်။
တချိန်တည်းမှာပဲ BGF ခေါင်းဆောင်စောချစ်သူဟာ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ရွှေကုက္ကိုလ်လောင်းကစားမြို့သစ်မှာ အများဆုံးရင်းနှီးမြုပ်နှံထားသူ ရထိုက်ကုမ္ပဏီ ဥက္ကဌ အတွက် ဆုတောင်းပွဲကို ပေါ်ပေါ်ထင်ထင်ကျင်းပခဲ့ပါတယ်။
ဒီနယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ အတွက် ရွှေကုက္ကိုလ် လောင်းကစားမြို့မှာ ထိုင်း ဘက်ကနေပေးထားတဲ့ လျှပ်စစ်မီးကို ဖြတ်တောက်ပစ်ဖို့ တရုတ်အစိုးရ ထိုင်းနိုင်ငံကို အကူအညီတောင်းခဲ့ပြီး ထိုင်းဘက်ကလည်း လျှပ်စစ်မီးပေးထားတာကို ရပ်ဆိုင်းခဲ့ပါတယ်။
ထိုင်းနိုင်ငံဘက်က မီးဖြတ်လိုက်တဲ့အခါမှာတော့ ဗိုလ်ချစ်သူဘက်ကနေ တစ်မြို့လုံးမီးပေးနိုင်မယ့် မီးစက်ကြီးတွေ ဝယ်ယူပြီးဓာတ်လိုင်းသစ်တွေ သွယ်တန်းကာ လောင်းကစားရုံ တွေ နဲ့ ငွေကြေးလိမ်လည်ရေး ဂိုဏ်းတွေကို အထောက်အပံ့ ပေးနေခဲ့ပါတယ် ။
တရုတ်အစိုးရ နဲ့ ထိုင်းကို ဂရုမစိုက်ဘဲ ရွေကုက္ကိုလ် နဲ့ မြဝတီမှာ သူလုပ်ချင်တာ ဆက်လုပ်နေမှာဆိုတဲ့ သင်္ကေတ သဘောပြနေပဲဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေ အားလုံးကို မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက အကာကွယ်ပေးထားခဲ့ပါတယ်။
အွန်လိုင်းလောင်းကစား၊ ဒုစရိုက်ဂိုဏ်းများ နဲ့ တရုတ်အပေါ်ရောက်လာတဲ့ ဖိအား
တရုတ် အစိုးရ ဘက်က မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အွန်လိုင်းလောင်းကစား နဲ့ ဒုစရိုက်ဂိုဏ်းတွေကို နှိမ်နင်းပေးဖို့ အတွက် စစ်ကောင်စီ တာဝန်ရှိသူတွေ နဲ့ ၁၂ ကြိမ်တိတိ တွေ့ဆုံခဲ့ပြီး ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။
ဖိအားပေးသော်လည်း ဘာတစ်ခုမှ ထူးခြားမလာတဲ့ အခြေအနေမှာ လိပ်ခဲတည်းလဲ ဆက်ရှိနေပါတော့တယ်။ စက်တင်ဘာလ အရောက်မှာတော့ ဒီနယ်ဖြတ်ကျော် ဒုစရိုက်မှုတွေ ဟာ နိုင်ငံတကာ က အာရုံစိုက်လာတဲ့အရေးဖြစ်လာပါတယ်။
စက်တင်ဘာလ မှာထုတ်ပြန်ခဲ့တဲ့ ကုလသဂ္ဂ လူ့အခွင့် အရေးကောင်စီ ရဲ့ ကြေညာ ချက်ထဲမှာ အရှေ့တောင်အာရှက ပြန်ပေးဆွဲခံရတဲ့ လူနှစ်သိန်း နီပါးလောက်ရှိနေပြီး အဲ့ဒီထဲက ငါးဆယ်ရာခိုင်နှုန်း လောက်က မြန်မာနိုင်ငံ နယ်နိမိတ်ထဲမှာ ရှိနေတဲ့ အွန်လိုင်းငွေကြေးလိမ်လည်ရေး နဲ့ လောင်းကစားရုံတွေ မှာ ပြန်ပေးဆွဲခံထား ရတာဖြစ်တယ်လို့ပါရှိပါတယ်။
UNODC ရဲ့ အစီရင်ခံစာမှာလည်း အွန်လိုင်းလိမ်လည်ရေး လုပ်ငန်းတွေဟာ လူကုန်ကူးမှု အမြောက်အများ ကျူးလွန်ထားပြီး ၊ လူသားချင်း ညှင်းပန်း နှိပ်စက်ကာ လိမ်လည်မှုတွေကို အဓမ္မ ခိုင်းစေနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီထုတ်ပြန်ချက်ထဲမှာ နိုင်ငံပေါင်း ၁၇ နိုင်ငံ လောက်က လူပေါင်း သိန်းနဲ့ချီပြီး အွန်လိုင်းငွေကြေးလိမ်လည်ရေး ဒုစရိုက်လုပ်ငန်းတွေ အတွက် ကုန်ကူးခံထားရကာအဓမ္မ အလုပ်ခိုင်းစေခံနေရတာဖြစ်တယ်လို့ဆိုပါတယ်။
အဲ့ဒီထဲက အများစုကတော့ မြန်မာနိုင်ငံထဲမှာရှိနေတယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ နိုင်ငံတကာကနေကပေးတဲ့ ဖိအားတွေကို တရုတ်အနေနဲ့ ရင်ဆိုင်လာရပါတော့တယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ တရုတ် အစိုးရ ဟာ သူ့ရဲ့ အစဉ်အလာမှာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ ပုံသဏ္ဍန်တွေ ဒီ ဒုစရိုက်ဂိုဏ်းတွေ ကို နှိမ်နင်းဖို့ စတင်ဘာလ မှာ စတင်လုပ်ဆောင်လာပါတော့တယ်။
နဂါးကြီး ရွေ့တဲ့ အကွက်အသစ်များ
စစ်ကောင်စီ ကို နယ်စပ်ဖြတ်ကျော် အွန်လိုင်းလောင်းကစား နဲ့ ဒုစရိုက်ဂိုဏ်း တွေ နှိမ်နင်းပေးဖို့ တရုတ် အစိုးရ ဘက်က အကြိမ်ကြိမ် ဖိအားပေးခဲ့သော်လည်း စစ်ကောင်စီ ဘက်တော့ အဲ့ဒီပြဿနာတွေဟာအရေး မကြီးကြောင်း နဲ့ မြန်မာ နိုင်ငံမှာတကယ်ဖြစ်နေတာ မဟုတ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ပြီး တရုတ် ဘက်က အွန်လိုင်းလောင်းကစား နဲ့ ဒုစရိုက်ဂိုဏ်း တွေ အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ အပေါ် ကန့်ကွက်ရှုတ် ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီအချိန်မှာတော့ တရုတ် က သူကိုယ်တိုင်ပါဝင်ပြီး အွန်လိုင်းလောင်းကစား နဲ့ ဒုစရိုက်ဂိုဏ်း တွေ နှိမ်နင်း ပါတော့တယ်။
ယူနန်ဘက်ကအရာရှိတွေ ကိုယ်တိုင် “ဝ” ဒေသကိုသွားရောက်ပြီး စစ်ဆင်ရေး တွေဆောင်ရွက်ခဲ့တယ်လို့ တရုတ် - မြန်မာအရေး လေ့လာသူတွေက ပြောပါတယ်။
အဲ့ဒီစစ်ဆင်ရေး တွေကနေပြီး ပထမ အသုတ် မှာ လူပေါင်း ၁၂၀၀ လောက်ကို တရုတ်ပြည် ဘက်ကိုပြန်လည် ခေါ်ဆောင်သွားတယ်လို့သိရပြီး ဒုတိယ အသုတ်မှာတော့ လူ ၄၀၀၀ လောက်ကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အဲ့ဒီစစ်ဆင်ရေး နှစ်ခု အပြီးမှာတော့ “ဝ” ဒေသ နဲ့ မိုင်းလား ဒေသ မှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်ရေး လုပ်ငန်းတွေကို ချက်ချင်းပဲ ပိတ်ပစ်ရတဲ့ အခြေအနေဖြစ်သွားပါတော့တယ်။
ဒါ့အပြင် တရုတ်အစိုးရ ဘက်ကနေ “ဝ”ခေါင်းဆောင် နှစ်ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ တစ်ဦးကတော့ UWSA “ဝ”ပြည်နယ် ဆောက်လုပ်ရေးဌာနကြီးမှူး ဟောင်း ပေါက်အိုက်ပန်း ဖြစ်ပြီး နောက်ဒုတိယ တစ်ယောက်ကတော့ လက်ရှိ “ဝ” ခေါင်းဆောင်ရဲ့ သားမက် မိုင်းလင်းခရိုင်မှူး အိုက်ဟော့တို့ ဖြစ်ပါတယ်။
လက်ရှိ “ဝ” ခေါင်းဆောင်ရဲ့ သားမက် မိုင်းလင်းခရိုင်မှူး အိုက်ဟော့ ဟာ သူအုပ်ချုပ်နေတဲ့ “ဝ” ပြည်နယ် မိုင်းလင်းခရိုင် မှာ အွန်လိုင်း ငွေကြေးလိမ်လည်ရေး လုပ်ငန်းလုပ်ကိုင်နေတဲ့ အဆောက်အဦးတွေ အများအပြား ကိုလက်ခံထားတဲ့ သူဖြစ်တယ်လို့သိရပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တယ်လို့ ယူဆထားတဲ့ UWSA “ဝ”ပြည်နယ် ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်းနဲ့ မိုင်းလင်းခရိုင်မှူး အိုက်ဟော့တို့ နှစ်ဦးကိုဖမ်းမိရင် တရုတ်ယွမ် တစ်သိန်းကနေ ငါးသိန်းအထိ ပေးမယ်ဆိုပြီး တရုတ်နိုင်ငံဘက်က အခုလ ၁၂ ရက်နေ့မှာ ဖမ်းဝရမ်းထုတ် ထားပါတယ်သေးတယ်။
အဲ့ဒီထက်ပိုပြီးသိလာရကတော့ “ဝ” ခေါင်းဆောင်တွေ ဟာ အလိမ်အညာ အွန်လိုင်း ဒုစရိုက်လုပ်ငန်း တွေကို သူတို့ တိုက်ရိုက် အုပ်ချုပ်တာ ၊ သူတို့ လက်အောက်မှာ ထားရှိတာ တွေကို လုပ်ကိုင်နေကြပါတယ်။ “ဝ” အကြီး တန်း ခေါင်းဆောင်တစ်ဦးရဲ့ အုပ်ချုပ်မှုအောက်မှာတိုက်ရိုက်ရှိတဲ့ အွန်လိုင်း ငွေလိမ်လည်ရေး ဒုစရိုက်လုပ်ငန်း အဆောက်အဦ တစ်ခုထဲကနေ လူသုံးထောင်လောက် ကယ်ထုတ်ခဲ့ရတဲ့ အဖြစ် အပျက်တွေ ဖြစ်ပွားခဲ့ပါတယ်။
လောလောဆယ်မှာတော့ တရုတ်အစိုးရဖမ်းဝရမ်းထုတ်ထားတဲ့ လူနှစ်ဦးဟာ သူတို့ နဲ့ မသက်ဆိုင်ကြောင်း နဲ့“ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ အနေနဲ့ကတော့ တရုတ်အစိုးရ နဲ့ အပြည့် အဝ ပူးပေါင်းသွားမယ်လို့ ကြေညာထားပါတယ်။
စစ်ဆင်ရေး ၁၀၂၇ နှင့် စစ်ကောင်စီအခက် ၊ တော်လှန်ရေး ဘက်တော်သားတွေအချက်
ဒီကနေ့ အချိန်မှာတော့ တရုတ် - မြန်မာနယ်စပ် မှာ အခြေစိုက်ပြီး အာဏာသိမ်းစစ်ကောင်စီ ကို တော်လှန်နေကြတဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ နဲ့ တခြား တော်လှန်ရေး အင်အားစုတွေဟာ စစ်ဆင်ရေး ၁၀၂၇ ကို စတင်လိုက်ပြီဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း တခွင် ကို ညီနောင်မဟာမိတ် (၃)ဖွဲ့ နဲ့ တခြား တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ပွဲ ဖော်ဆောင်နေပြီး စစ်ရေး အတွက် အရေးကြီးတဲ့နေရာတွေ ကိုပိတ်ဆို့တိုက်ခိုက်နေပါပြီ။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ နဲ့ တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာတဲ့ အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ဖို့၊ Online Game (ကျဖျင်) ကုမ္ပဏီတွေနဲ့ အဆိုပါ လုပ်ငန်းများကို လုပ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲတွေကို နှိမ်နင်းနိုင်ဖို့ အတွက် ရည်ရွယ် တဲ့ ဒီစစ်ဆင်ရေးဟာ စစ်ကောင်စီ ပိုပြီး အထိနာစေမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ တောင်ပိုင်းမှာ အခြေအနေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ နဲ့ တော်လှန်ရေး အဖွဲ့ တွေ အနေနဲ့လည်း စစ်ကောင်စီ လက်အောက်ခံကရင်ပြည်နယ် နယ်ခြားစောင့် BGF တပ်ဖွဲ့ ရဲ့ ရွှေကုက္ကိုလ် လောင်းကစား မြို့သစ် ကို နှိမ်နင်းပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး အတွက် ကျွဲကူးရေပါလုပ်ဆောင်နိုင်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရNUG ကလည်း စစ်ဆင်ရေး ၁၀၂၇ကြိုဆိုကြောင်း နဲ့ ဟန်ချက်ညီတဲ့ စစ်ရေးဖော်ဆောင်မှုလုပ်ဆောင်သွားမယ့် အကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
လက်ရှိ အချိန်မှာ စစ်ကောင်စီ နဲ့ တရုတ် နဲ့ အကြား ဖြစ်ပေါ်နေတဲ့ အက်ကွဲကြောင်းကို အချိန်ကိုက် အသုံးချဖို့ လိုအပ်ပါတယ်။လက်ရှိကာလဟာ မြန်မာ့နွေဦး တော်လှန်ရေး ရဲ့ အလှည့်အပြောင်း တစ်ရပ်ဖြစ်ပြီး “ စစ်ကောင်စီ အခက် ၊ တော်လှန်ရေး ဘက်တော်သားတွေ အချက်” ဖြစ်ပါကြောင်း ……..

What's Your Reaction?

like

dislike

love

funny

angry

sad

wow